ခံတွင်းကင်ဆာများအကြောင်း တစ်စေ့တစောင်း
ခံတွင်းကင်ဆာဆိုတာ နှုတ်ခမ်း၊ လျှာ၊ အာခေါင်၊ ပါးစောင်အတွင်း၊ လျှာခင် စတဲ့ ပါးစပ်အထဲက အစိတ်အပိုင်းတွေကနေ ကင်ဆာဆဲလ်တွေ ဖြစ်လာတဲ့ ကင်ဆာအမျိုးအစားကို ဆိုလိုတာဖြစ်ပါတယ်။ ခံတွင်းကင်ဆာဟာ ဦးခေါင်းကင်ဆာ ဒါမှမဟုတ် လည်ပင်းကင်ဆာအမျိုးအစားထဲမှာလည်း ပါဝင်ပြီး တူညီတဲ့ ကုထုံးတွေနဲ့ ကုသပေးလေ့ရှိပါတယ်။
သူ့ရောဂါလက္ခဏာတွေက ဘာတွေလဲ?
- နှုတ်ခမ်း၊ ခံတွင်းမှာ ပေါက်တဲ့အနာတွေက လုံးဝမကျက်တော့တာ
- ပါးစပ်အတွင်းထဲမှာ အဖြူရောင် ဒါမှမဟုတ် အနီရောင်အကွက်တွေ ဖြစ်နေတာ
- သွားတွေ ချောင်နေတာ
- ပါးစပ်ထဲမှာ အလုံးအကျိတ်ပေါက်နေပြီး တဖြည်းဖြည်း ကြီးလာတာ
- ခံတွင်းထဲ နာကျင်မှုဝေဒနာ ခံစားရတာ
- နားရွက်အတွင်း နာကျင်တာ
- အကြောင်းရင်းမရှိဘဲ ပါးစပ်ထဲ သွေးထွက်လာတတ်တာ
- မျက်နှာ၊ လည်ပင်းနဲ့ ပါးစပ်ထဲ ထုံကျဉ်မှု၊ နာကျင်မှုတွေ ခံစားရတာ
- အစာမျိုချရ ခက်ခဲတာ၊ အစာမျိုတဲ့အခါ နာကျင်တာ စတာတွေပဲ ဖြစ်ပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းက ဘာတွေလဲ?
- ပါးစပ်၊ နှုတ်ခမ်းမှာရှိနေတဲ့ ဆဲလ်တွေရဲ့ DNA က ဇီဝမျိုးပြောင်းလဲမှုတွေ ဖြစ်လာပါတယ်။
- ဒီလို ဇီဝမျိုးပြောင်းလဲမှုတွေကနေ ဆဲလ်တွေ အဆက်မပြတ် ကြီးထွားလာပြီးနောက်မှာ ကျန်းမာတဲ့ဆဲလ်တွေဟာ ပျက်စီးသေဆုံးသွားပါတယ်။
- ပုံမှန်မဟုတ်ဘဲ ဆက်လက်ကြီးထွားနေတဲ့ ဆဲလ်တွေက အကျိတ်အလုံးအဖြစ်နဲ့ ပုံစံပြောင်းလဲသွားပါတယ်။
- ပါးစပ်အတွင်းမှာ ဒီအကျိတ်၊ ကင်ဆာဆဲလ်တွေဟာ ပျံ့နှံ့သွားပြီး တခြားကိုယ်တွင်းအင်္ဂါတွေအထိပါ ပြန့်သွားပါတယ်။
- ခံတွင်းကင်ဆာကို ဖြစ်စေတဲ့ အကြောင်းရင်းအတိအကျကိုတော့ အခုထိ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးပါဘူး။
ဘယ်လိုလူတွေမှာ ပိုအဖြစ်များလဲ?
- ဆေးလိပ်၊ ဆေးရွက်ကြီး အသုံးများတာ၊ ထွက်လာတဲ့အငွေ့တွေကို တစ်ဆင့်ခံရှူရှိုက်တာ
- အရက်အလွန်အကျွံသောက်တာ
- နှုတ်ခမ်းအရေပြားနဲ့ နေရောင်ခြည်ထိတွေ့မှု များလွန်းတာ
- HPV ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာ
- ကိုယ်ခံအားနည်းလွန်းတာ စတဲ့သူတွေမှာ ပိုအဖြစ်များနိုင်ပါတယ်။
ကာကွယ်လို့ရလား?
ခံတွင်းကင်ဆာကို ရာနှုန်းပြည့်ကာကွယ်နိုင်ခြင်း မရှိသေးတဲ့တိုင်အောင်
- ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှု ရပ်တန့်တာ၊ လျှော့ချတာ
- အရက်ကို အသင့်အတင့်သာ သောက်ပေးတာ
- အပြင်သွားတဲ့အခါ နှုတ်ခမ်းနဲ့ နေရောင်ခြည်ထိတွေ့မှု လျှော့ချတာ
- သွားဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးတာ
- ခံတွင်းကျန်းမာရေးကို ဂရုစိုက်တာ စတဲ့နည်းလမ်းတွေနဲ့ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ကိုယ့်မှာ ခံတွင်းကင်ဆာရှိနေတယ်လို့ သံသယရှိတယ် ဒါမှမဟုတ် အပေါ်မှာပြောထားတဲ့ လက္ခဏာတွေကို ခံစားနေရတယ်ဆိုရင် သွားနဲ့ခံတွင်းဆရာဝန်နဲ့ ပြသစစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်အနေနဲ့
- ခံတွင်းအခြေအနေအပြင်ပန်းကို သေချာစစ်ဆေးတာ
- ခံတွင်းဆဲလ်တစ်ရှူး အသားစနမူနာယူတာ
- လည်ချောင်းအတွင်း မှန်ပြောင်းနဲ့ စစ်ဆေးတာ စတဲ့နည်းလမ်းတွေနဲ့ ရောဂါစစ်ဆေးမှာဖြစ်ပါတယ်။
ရောဂါရှာဖွေတွေ့ရှိတဲ့အခါ
- အကျိတ်ကို ခွဲစိတ်ဖယ်ရှားခြင်း
- လျှာကို ဖြတ်တောက်ခွဲစိတ်ခြင်း
- မေးရိုးမှာရှိနေတဲ့ ကင်ဆာရောဂါအတွက် ခွဲစိတ်မှုပြုလုပ်ခြင်း
- လည်ပင်းတစ်ဝိုက်မှာရှိတဲ့ ပြန်ရည်ကြောအကျိတ်တွေကို ခွဲစိတ်ဖယ်ရှားခြင်း
- ဓာတ်ရောင်ခြည်ကုထုံး
- ကင်ဆာဆဲလ် တိုက်ရိုက်ကုထုံး
- ကီမို ကင်ဆာကုထုံး
- ကိုယ်ခံအားစနစ်ကုထုံး စတာတွေနဲ့ ကုသမှုခံယူဖို့ အကြံပေးမှာဖြစ်ပါတယ်။
ရဲမျိုးမြတ်